ငဖဲမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေး

ငဖဲ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ ငဖဲမြို့နယ်၌ အသက်၉နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းက မြို့မ(အ.မ.က)နှင့် ကျောင်းတွင်း(အ.မ.က)တို့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုး ကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျောင်းသူများအား အသိပညာပေးပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အသက်၉နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးကာ အသက်ငါးနှစ်ပြည့်ပြီး ခုနှစ်နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး DT ဆက်လက်ထိုးနှံပေးခဲ့သည်။

ငဖဲမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ကျောင်းသူ ၄၁ဦးနှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး(DT)ကို ကျောင်းသား၊ ကျောင်းသူ ၅၂ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)