(၃၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ

ဘားအံ အောက်တိုဘာ ၁၆

(၃၅)ကြိမ်မြောက် အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ပြုလုပ်ကျင်းပသည်။

အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဘဒ္ဓန္တဝိဇ္ဇာနန္ဒ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်စသော ပရိတ်တရားတော်များ နာယူကြာ်ညိုခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆရာတော်အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ ဘဒ္ဒန္တဝိဇ္ဇာနန္ဒဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းခြင်းကိုလည်းကောင်း ပြည်နယ်တရားသူကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဩဝါဒါစရိယဆရာတော်များနှင့် အဘိဓမ္မာကျမ်းရွတ်ဖတ်ပူဇော်ခဲ့သည့် ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့အား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အမိတာရာမရဲကျောင်း ဘဒ္ဒန္တဂုဏာလင်္ကာရ ဆရာတော်ဘုရားကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချသွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းဘေဘီမြင့်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ဘားအံမြို့ ကော့ထော်ကျေးရွာရှိ မဟော်သဓာပညာရေးကျောင်းတိုက်၏ ကထိန်းခင်းခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဇွဲကပင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တကဝိဓဇအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက က လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်