ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေယာဉ်ကွင်း သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် အောက်တိုဘာ ၉

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား သန့်ရှင်းသောမြို့၊ စိမ်းလန်းသောမြို့ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၈ ရက်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်လေယာဉ်ကွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်လေဆိပ်သို့ ရောက်ရှိကာ လေယာဉ်ပြေးလမ်းဘေးဝဲယာတစ်လျှောက်တွင် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စက်ယန္တရားများဖြင့် ချုံမြက်များရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လေယာဉ်ပြေးလမ်းအား သတ်မှတ်ချက်များအတိုင်း စနစ်တကျ ဆောင်ရွက်ထားရန်၊ လေယာဉ်ကွင်း ဧရိယာအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများပြန်လည်ဆယ်ယူရန်နှင့် လေဆိပ်အဆောက်အအုံ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သန့်ရှင်းသာယာရေး ဆောင်ရွက်ရန် တာဝန်ရှိသူများ အားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက် ပြည်နယ်စည်ပင် ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေး အဖွဲ့ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်ကလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလ ပြီးစီးရေး ဆောင်ရွက်ရန်နှင့် ပြီးစီးပါက ဝန်ထမ်းများအား စနစ်တကျ နေရာချထားပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ နောင်ယားကန်သာသို့ရောက်ရှိပြီး အများပြည်သူများ လာရောက် အပန်းဖြေနားနေနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ရိုးရာအစားအစာနှင့် ရိုးရာအဝတ်အထည် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဈေးဆိုင်ခန်းများတွင် သန့်ရှင်းလတ်ဆတ်သော အစားအစာများ ရောင်းချစေရေးနှင့် ကန်နှင့် ကန်ပတ်ဝန်းကျင်၏ သန့်ရှင်း သာယာရေးကို ထိခိုက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် လွိုင်ကော် မြို့နယ် စည်ပင်သာယာရေးရုံး အဆောက်အအုံ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလပြီးစီးရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ရုံး ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)