စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်သို့ သွားရောက်ကြည့်ရှု

မုံရွာ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက် မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်ပွဲတော်သို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ ဆန်/ဆီကုန်သည်ကြီးများအသင်းများ၊ ပုဂ္ဂလိကဘဏ်/ဆေးရုံ/ ကိုယ်ပိုင် ကျောင်းများနှင့် ကုန်စည်ဒိုင်များမှ သီတင်းကျွတ်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား စတုဒီသာမဏ္ဍပ် ၁၇ ခုမှ စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံကျော်အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေနေမှုများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပျော်ရွှင်စွာ အားပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၆ ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ပြည်သူ့ဥယျာဉ်အနီးရှိ “အောင်ဆုပန်” စေတီတော်ကြီး၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ဆီမီး ၂၅၀၀ အား တစ်ပျော်တစ်ပါး ထွန်းညှိပူဇော်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ် အတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ များနှင့်အတူ သီတင်းကျွတ်လပြည့်နေ့ မီးပုံးပျံအလုံး ၁၀၀၀ အား တစ်ပျော်တစ်ပါး လွှတ်တင်ခဲ့ကြပြီး မီးရှူး မီးပန်းများပစ်ဖောက်ကာ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါပြည်သူ့ ဥယျဉ်အတွင်း သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများ အေးချမ်း သာယာစွာဖြင့် ဘဝအမောများပြေပျောက်စေရန်အတွက် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေနေမှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူ ၅၀၀၀၀ ကျော် တစ်ပျော်တစ်ပါး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။    

တိုင်းဒေသကြီး(ပြန်/ဆက်)