ကန်ကြီးထောင့် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ်ရှိ လောကမှန်ကူဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညက ဘုရားကြီး၏ ဂေါပကအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများမှ ဆီးမီးတစ်ထောင်အားထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ရာတွင် ဘုရားကြီး၏ ရင်ပြင်တော်အတွင်း၊ ကျော်စိမ်း ဘုရားကြီးနှင့် အုတ်တံတိုင်းများတွင် စည်ကားသိုက်မြိုက်စွာထွန်းညှိပူဇော်ခဲ့ကြသည်။ ထို့အတူ ကန်ကြီးထောင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ ၁၀၈တောင်ဂမုန်းပေါင်းစေတီကျောင်းတိုက်၌လည်း ဘုရားဖူးလာပြည်သူများက ဆီမီးများအား စည်ကားသိုက်မြိုက်စွာထွန်းညှိပူဇော်ကြခြင်း၊ မီးပုံးများ လွှတ်တင်ပူဇော်ကြခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အလားတူ ကန်ကြီးထောင့်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စုများအသီးသီးရှိ ဘုရား၊ ပုထိုးများတွင်လည်း ဆီမီးများထွန်းညှိပူဇော်ခြင်း၊ စတုဒီသာများကျွေးမွေးခြင်းနှင့် မိမိတို့၏လမ်းထဲတွင် ဆီမီးများထွန်းညှိပူဇော်ခြင်း စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြ ကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)