လွိုင်ကော်မြို့ သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်နေ့ ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

လွိုင်ကော်      အောက်တိုဘာ         

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ လွိုင်ကော်မြို့ကျက်သရေဆောင် သမိုင်းဝင်မြို့နာမ်စေတီတော်မြတ်၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ဆီမီး(၁၀၀၀၀) ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ညကကျင်းပသည်။

အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူးနှင့် လူမှုရေးရာဝန်ကြီး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က မြို့နာမ်စေတီတော်မြတ် ဂန္ဓကုဋိတိုက်အတွင်းရှိ မြတ်စွာဘုရားရုပ်ပွားတော်များအား ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နာမ်တော်စီတော်မြတ် အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်မျာအား ဆီမီးကပ်လှူပူဇော်ခဲ့ပြီး စေတီတော်ရင်ပြင်တော်နှင့် စေတီတော်ပရဝဏ်အတွင်း သတ်မှတ်နေရာများရှိ ဧည့်ပရိသတ် အပေါင်းတို့ကလည်း တစ်ပြိုင်နက်တည်း ဆီမီးများကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် စေတီတော် မြတ်အား လက်ယာရစ် လှည့်လည်ပူဇော်၍ ရင်ပြင်တော်ပေါ်၌ ဆီမီးများကပ်လှူပူဇော်နေမှုတို့ကို ကြည်ညိုသဒ္ဓါပွားများခဲ့ကြသည်။

ထို့နောက် စေတီတော်ပရဝဏ်ကွင်းအတွင်း၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပွဲတော်လာ ဧည့်ပရိသတ်များက မီးပုံးပျံများလွှတ်တင်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်သို့ လာရောက်ဧည့်ခံဖျော်ဖြေကြသော တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အတီးအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့က ကုသိုလ်ပြုကျွေးမွေးလျက် ရှိသည့် စတုဒီသာမဏ္ဍပ်များ၌ ပွဲတော်လာ ဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်တွင် သီတင်းကျွတ် မီးထွန်းပွဲတော် တေးဂီတဖျော်ဖြေပွဲအား ကြည့်ရှုအားပေးသည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် လွိုင်ကော်မြို့အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားစေတီပုထိုးများတွင် ဥပုသ်သီလဆောက်တည်တရားဘာဝနာပွားများသူများ၊ ဘုရားဖူးဧည့်သည်များ၊ နောင်ယားကန်သာနှင့် ထေးငှားလျားကန်သာတို့တွင် အပန်းဖြေအနားယူသူ များဖြင့် စည်ကားများပြားခဲ့ပြီး ညပိုင်း၌ ဘုရားစေတီပုထိုးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဌာနဆိုင်ရာ ရုံးများနှင့် ရပ်ကွက်များတွင် ဆီမီးများနှင့် လျှပ်စစ်မီးအလှများ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)