ပဲခူးမြို့သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်လောင်းလှူပူဇော်

ပဲခူး အောက်တိုဘာ

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၆)ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့် နေရာများတွင် သံဃဂိုဏ်းအလိုက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုသည်။

သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိ သိမ်တော်ကြီး၌ ပဲခူးမြို့ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်း ပေါင်း(၃၆၇)ကျောင်းမှ သံဃာတော် (၂၉၅၁)ပါးတို့မှ (၁၀၃၄)ကြိမ်မြောက်ပဝါရဏာပြုပွဲကို လည်းကောင်း၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၂၄၃) သံဃာတော်အပါး (၁၉၃၃)ပါးမှ (၁၆၂)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီ သိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီး ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၂၄)ပါးတို့မှ (၁၄၄)ကြိမ်မြောက်ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်းတိုက်ဆရာတော်ကြီးဦးဆောင်၍ မဟာဒွါရဂိုဏ်းဝင်ကျောင်းပေါင်း(၁၃)ကျောင်းမှ သံဃာတော်(၆၁)ပါးတို့မှ (၅)ကြိမ်မြောက်ပဝါရဏာပြုပွဲကို သက်ဆိုင်ရာဂိုဏ်းဝင်ဆရာတော်များမှ နေရာခွဲ၍ ပဝါရဏာပြုတော်မူကြကြောင်း သိရသည်။

သံဃမဟာပဝါရဏာပြုတော်မူကြသည့် ရဟန်း၊ သံဃာများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်နှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူရှင်များက နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျ စေတီတော်မြတ်ကြီးစသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိကြောင်းသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)