ပုသိမ် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့သဲအင်းဂူတရားပြကျောင်းတိုက် ဦးစီးပဓာနနာယက သက်တော်ရှည် ရေဆွမ်းဆရာတော် ဘဒ္ဒန္တသီဟ (မဟာကမ္မဋ္ဌာနာစရိယ)မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာနေ့)၊ ပုသိမ်မြို့သာသနာ့ဗိမာန်တော်ကြီးတွင် ပုသိမ်မြို့ကမ္ဘာအေးကျောင်းတိုက် ပဓာနနာယကဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂါစာရ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကာ ပုသိမ်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ)ဒေါက်တာဘဒ္ဒန္တဇောတိဿရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးလှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင်ပြုလုပ်သည့် ၁၃၈၇ခုနှစ်၊ (၄၁)ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားသို့တက်ရောက်သည်။ အခမ်းအနားတွင် တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးက အဘိဓမ္မာအခါတော်နေ့အကြောင်းအကျဉ်းချုပ် မြွက်ကြားသည်။
ထို့နောက် တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်နှင့် ဘာဏကသံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပြီးနောက် အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက် နာယကဆရာတော်ဘုရားကြီးနှင့် ဘာဏကသံဃာတော်များက အဘိဓမ္မာ(၇)ကျမ်း ကောက်နှုတ်ချက်များကို ရွတ်ဖတ်ပူဇော်ခဲ့ပြီး ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်မှ ဦးဝိစာရ(ဓမ္မာစရိယ)အရှင်သူမြတ်က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်း ကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့)တွင် ပုသိမ်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲအခမ်းအနားအား တက်ရောက်ကာ ဘုရားအမှူးပြုသော သံဃာတော် (၆၆)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)