အိမ်မဲ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် မြို့မလူငယ်လေ့ကျင့်ရေး ဘောလုံးကွင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာအား အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လူစည်ကားရာနေရာတွင် စိုက်ထူထားခြင်းဖြစ်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမွှေးနံ့သာရည်များကို ပတ်ဖျန်းပေးခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ပထမအကြိမ်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂၆၉၅၂)ဦးနှင့် မဲရုံပေါင်း (၁၁၂)ရုံရှိကြောင်းနှင့် အဆိုပါမဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် စက်တင်ဘာလ (၃၀)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာထားကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ၊ ပြန်/ဆက်)