သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

မုံရွာ အောက်တိုဘာ ၆

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံ‌စေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူသောနေ့ ဖြစ်သောကြောင့် “အဘိဓမ္မာအခါတော်နေ့” ဟုခေါ်ဆိုကြခြင်းဖြစ်ပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့များကဲ့သို့ပင် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော် မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် အသိအမှတ်ပြုကြကြောင်း၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးများထွန်းညှိပူဇော်ပွဲများကို ဘုရားစေတီများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ နေရာများတွင် ဆင်ယင်ကျင်းပခဲ့ကြကြောင်း သိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ဆုတောင်းပြည့်စေတီတော်တို့အပြင် အောင်ဆုပန်စေတီနှင့် အောင်ဆုဝေစေတီတော်မြတ်ကြီးတို့တွင် ယနေ့ညနေပိုင်း၌ ဆီမီးပူဇော်ပွဲများ၊ ပြည်သူ့ဥယျာဥ်ဖွင့်ပွဲနှင့်အတူ စတုဒီသာကျွေးမွေးခြင်းများ၊ ဖျော်ဖြေရေးအဖွဲများက ဧည့်ပရိသတ်များအား တေးသီချင်းအကအလှများဖြင့် ဧည်ခံဖျော်ဖြေမှု ကျင်းပပြုလုပ်ခြင်းနှင့် မီးပုံးပျံလွှတ်ပွဲများ ပြုလုပ်ခဲ့သည့်အပြင် မုံရွာမြို့ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီး ဘုရားပုရဝဏ်တွင်လည်း စတုဒီသာကျွေးမွေးခြင်းနှင့် အတူမီးပုံးပျံလွှတ်ပွဲများကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)