ငွေဆောင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်အနားယူအပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၏ အထင်ကရကမ်းခြေတစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေသည် ပင်လယ် ကမ်းရိုးတန်းရှည်လျားပြီး သဲသောင်ပြင်သန့်ရှင်းခြင်း၊ ပင်လယ်ရေကြည်လင်ခြင်း၊ လည်ပတ်စရာနေရာပေါများခြင်း၊ ဟိုတယ်၊ ဧည့်ရိပ်သာများ၏ ဝန်ဆောင်မှုကောင်းမွန်ခြင်း တို့ကြောင့် နှစ်စဥ် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များစွာ လာရောက်အနားယူအပန်းဖြေရာ ကမ်းခြေတစ်ခုဖြစ်ပါသည်။
ငွေဆောင်မြို့၌ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း Speed Boat, Banana Boat တို့ဖြင့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြသူများ၊ ငွေဆောင်ဆင်စခန်း များသို့သွားရောက်လည်ပတ် ကြသူများ၊ မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူကြသူများ၊ ကမ်းခြေတွင် အနားယူအပန်းဖြေ ကြသူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေ နိုင်စေရေး၊ လုံခြုံမှုရှိစေရေး၊ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး နှင့် စျေးသည်များသတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချစေရေးတို့အတွက် ငွေဆောင်မြို့အုပ်ချုပ် ရေးမှူး၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များပူးပေါင်းကာ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။
R – 014( ငွေဆောင်)