သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေများသို့ အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကား

ရွှေသောင်ယံ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့တွင် သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက်လည်ပတ်ကြသော ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေကြားရှိ ကျောက်မောင်နှမကမ်းခြေသည် အပန်းဖြေလာရောက်ကြသည့် ဧည့်သည်များ စိတ်ဝင်စားသော နေရာတစ်ခုဖြစ်သည် ကမ်းခြေတွင် သဘာဝအတိုင်းတည်ရှိနေသည့် မောင်နှမသဖွယ်ကျောက်ဆောင်နှခုကို အစွဲပြု၍ ဒေသခံများမှ ကျောက်မောင်နှမဟုခေါ်ဝေါ်သမုတ်ခဲ့ရာမှ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးလာသည့်အခါ ချောင်းသာကမ်းခြေသို့ အပန်းဖြေလာရောက်ကြသော ဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်ကြရာ လူသိများသော နေရာတစ်ခုဖြစ်လာခဲ့သည်။

အဆိုပါကမ်းခြေရှိတောင်တော်တွင် စေတီတော်နှင့် ဘုန်းတော်ကြီးကျောင်းတည်ရှိပြီး စေတီတော်တောင်ပေါ်အောက်တစ်ဆင့်တွင် တောင်စောင့်ဘိုးဘိုးကြီးနတ်နန်း၊ ထိုမှတစ်ဆင့် ကမ်းခြေသို့ဆင်းပါကကမ်းခြေတွင် ကျောက်မောင်နှစ်မကျောက်ဆောင်နှစ်ခုနှင့် မောင်တော်နှမတော်ရုပ်ထု၊ ထို့ပြင် ခရီးသွားဧည့်သည်များ၊ ဓာတ်ပုံတွဲရိုက်နိုင်ရန် ရေသူမရုပ်ထုတို့ ပြုလုပ်ထားသည်။

ကမ်းခြေတွင် ပင်လယ်စာများ ရောင်းချသော စျေးဆိုင်တန်းများ၊ ဒေသထွက်အုန်းသီး ရောင်းချသောဆိုင်များ၊ ပင်လယ်ရေကူးရန်ဘော ကွင်းငှါးသောနေရာများ၊ ကမ်းခြေတွင် အပျော်ငှါးစီးရန် မြင်းများ၊ လေးဘီးဆိုင်ကယ်များရှိသည့်အတွက် ဧည့်သည်များ ပျော်ပျော်ပါးပါး လာရောက်အပန်းဖြေခဲ့ကြသည်။

ယခုနှစ်သီတင်းကျွတ်ကာလတွင် ရွှေသောင်ယံ၊ ကျောက်မောင်နှမကမ်းခြေများ၌  ဧည်သည်များ အေးချမ်းစွာ လာရောက်အပန်းဖြေကြကြောင်း တွေ့ရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)