မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နှစ်(၁၀၀)ပြည့်အကြို   အတုလသယမ္ဘူမြတ်စွာ ဘုရားကြီးတွင်ထားရှိလှူဒါန်းသော စည်တော်ကြီးများနှင့်ကလျာဏသုခဓမ္မဘေရီ နန်းပြဿာဒ် ဆောင်ဖွင့်ပွဲကျင်းပ

မြန်အောင်  အောက်တိုဘာ   ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် နှစ်(၁၀၀)ပြည့်အကြို   အတုလသယမ္ဘူ မြတ်စွာဘုရားကြီးတွင်ထားရှိလှူဒါန်းသော စည်တော်ကြီးများနှင့်ကလျာဏသုခဓမ္မဘေရီ နန်းပြဿဒ်ဆောင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တွင်ကျင်းပသည်။

ဦးစွာ မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒနှင့်သံဃာတော်များ၊ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဘုရားရင်ပြင်တော်တွင် နေရာယူကြပြီး သာမဏေကိုးပါးက ဦးဆောင်၍ ဘုရားဂုဏ်တော် ကိုးပါးရွတ်ဆိုကာ စည်မောင်းများတီးခတ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် စတုပစ္စယအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းမြင့်၊မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က အတုလသယမ္ဘူ မြတ်စွာဘုရားကြီးတွင်ထားရှိလှူဒါန်းသော စည်တော်ကြီးများနှင့်ကလျာဏသုခဓမ္မဘေရီ နန်းပြဿာဒ် နှစ်ဆောင်တို့အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ရွှေမိုးငွေမိုး ရွာသွန်းခဲ့ကြသည်။

ယင်းနောက် ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး တန်ဆောင်းတော် အတွင်း ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချတရားနာကြားကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့သည်။

ဝင်းဗိုလ် (ပြန်/ဆက်)