ဇလွန် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများပန်း၊ ဆီမီး၊ရေချမ်းကပ်လှူပူဇော်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများဖြင့် ယနေ့နံနက်ပိုင်းတွင် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးနှင့် မြို့နယ်အတွင်းရှိ ဘုရားစေတီများ၊ ဘုန်ကြီးကျောင်းများတွင် ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်ကားလျက်ရှိပြီး ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးနှင့်မြို့နယ်အတွင်းရှိဘုရားများ၊ ဘုန်ကြီးကျောင်းများ၌ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း၊ ကပ်လှူပူဇော်ခြင်း စသည့် ကုသိုလ်ပြုမှုများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်း၌ ပရိတ်တော်အဖွဲ့ ၁၃ ဖွဲ့က အဘိဓမ္မာ ခုနှစ်ကျမ်း အမေးအဖြေအမွှန်းပါဠိတော်များဖြင့် ရွတ်ဆိုပူဇော်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ အလှည့်ကျ ရွတ်ဖတ်ပူဇော်၍ သီတင်းကျွတ်လဆန်း ၁၄ ရက်မှစ၍ လပြည့်ကျော်(၁)ရက်အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပမည်ဖြစ်ပြီး မင်္ဂလာဆိုင်း၊တေးဂီတဝိုင်း၊ အိုးစည်ဝိုင်းများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးပုံးပျံများကို ညပိုင်းတွင်လွှတ်တင်သွားမည်ဖြစ်ကြောင်း ဇလွန်မြို့မာရ်အောင် မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ ဂေါပကအဖွဲ့ထံမှသိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)