မော်လမြိုင်ကျွန်း အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၉၃၂ ခုနှစ်ကစ၍ တည်ထားကိုးကွယ်လျက်ရှိသော နှစ်စဥ်နှစ်တိုင်းစည်းကာသိုက်မြိုင်စွာ ကျင်းပသော တာဝတိံသာမြတ်စွာဘုရားကြီး၏ (၉၃) ကြိမ်မြောက် ဝါကျွတ်သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅)နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်ရှိ တာဝတိံသာမြတ်စွာ ဘုရားကြီးရှေ့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးစောဝဏ္ဏနှင့် မြို့မိမြို့ဖ ဒေါက်တာလှဟန်တို့က သာသနာ့အလံအား အလံတိုင် ထိပ်သို့လွှင့်တင်ကာဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင် ဦးတင်လှိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်သူတို့မှ ဝါကျွတ်ပွဲတော်ဖွင့်ပွဲ အထိမ်းအမှတ် သာသနာ့အလံအား မိုးပျံပူဖောင်းများဖြင့် အထက်ကောင်းကင်ယံသို့ လွှင့်တင်ခဲ့ကြသည်။
ထို့နောက် တာဝတိံသာမြတ်စွာဘုရားကြီး၏ (၉၃) ကြိမ်မြောက် ဝါကျွတ်သဘင် အခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဌေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အထက်ရင်ပြင်ပေါ်သို့တက်ရောက်၍ တာဝတိံသာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဆီးမီး၊ နံ့သာတိုင်များ ဖူးမြော်ပူဇော်ကန်တော့ကာ တာဝတိံသာမြတ်စွာဘုရားပေါ်ရှိ သမိုင်းဝင် ဗုဒ္ဓဝင်ပြတိုက်နှင့် မော်လမြိုင်ကျွန်းမြို့နယ်၌ တည်ထောင်ထားသော မင်္ဂလာဆိုင်း “ထက်ကိုကို”တို့မှ ကပြဖျော်ဖြေပေး အကအလှများကိုလည်း လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ ဝါကျွတ်သဘင်ပွဲတော်ကို ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် ပူဇော်ခြင်းများ၊ ဆွမ်းဆန်စိမ်းလောင်လှူခြင်းများ၊ ဈေးပွဲတော်များ၊ ကလေးကစားကွင်းများ၊ အပျော်စီးလှေများဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ (၈) ရက်နေ့အထိ (၄) ရက်တိုင်တိုင် စည်းကာသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်