ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ပုသိမ် အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာအခမ်းအနားကို  “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးက ဖတ်ကြားခဲ့သည်။ ယင်းနောက်  အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက ကန်တော့ခံပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ ကြပြီးနောက် ပုသိမ်မြို့ AD Myanmar ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “လမ်းပြကြယ်”သီချင်းဖြင့် သီဆိုဖျော်ဖြေမှုကိုကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား လူမှုရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

လှမင်းထွဋ်