ပုသိမ် အောက်တိုဘာ ၆
သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်ပျော်ပွဲရွှင်ပွဲ Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အလျောက် MSME ထုတ်ကုန်များခင်းကျင်းပြသရာတွင် စားသောက် ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများအပါဝင် အမယ်မျိုးစုံ ခင်းကျင်းပြသထားပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် One Region One Product (OROP) ထုတ်ကုန်များစွာဖော်ထုတ်ထားပါကြောင်း၊ ထုတ်လုပ်မှု သုတေသန၊ ဈေးကွက်သုတေသနတို့ကို တက္ကသိုလ်ကောလိပ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုး မွေးမြူရေးကုန်ကြမ်းများထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပြီး MSME လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါကြောင်း၊ ခရီးသွားရာသီစတင်တော့မည်ဖြစ်သဖြင့် မိမိတို့၏ဒေသထုတ်ကုန် များနှင့်ဆွဲဆောင်ရန်လည်းလိုအပ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ထုတ်ပိုးမှု စနစ် သေသပ်ကောင်းမွန်စေရေး၊ ကုန်ပစ္စည်း အမှတ်တံဆိပ်နှင့် expire date များပါဝင်စေရန် ၊ Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များကလည်း စိတ်ပါဝင်စားစွာ နားထောင်၍ ပြန်လည်ဆွေးနွေးပေးကြစေလိုကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က Moderator အဖြစ်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် မွေးမြူရေးနှင်ကုသရေးဦးစီးဌာနတို့မှ Panellists အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများ၏ မေးမြန်းမှုများအား တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်