ကန်ကြီးထောင့် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ အောက်တိုဘာ၅ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day)အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပေး ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီအဖွဲ့ဝင် ဦးလှမြင့်က ဖတ်ကြားသည်။ ထို့နောက် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများကဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသားလေးက “မြတ်ဆရာ”သီချင်းအားသီဆိုပူဇော်သည်။
အလားတူ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်(နဝမ)အကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအား မြို့နယ်ပညာရေးမှူးရုံး၌ ဆက်လက်ကျင်းပရာ အငြိမ်းစားဆရာကြီး၊ ဆရာမကြီး၁၂၀တို့အား ပူဇော် ကန်တော့ခဲ့ကြပြီးနောက် ဆရာကြီး၊ ဆရာမကြီးများက ဆုံးမဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့သည်။
ကျော်ဇင်စိုး (ပြန်/ဆက်)