လွိုင်ကော် အောက်တိုဘာ ၅
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက စုပေါင်းပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ပညာရေးမှူးက ဖတ်ကြားခဲ့သည်။
ဆုချီးမြှင့်ခြင်းအား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများပေးအပ်ရာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဒုတိယဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ကလည်းကောင်း၊ တတိယဆုရရှိသူများအား လူမှုရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။ အခမ်းအနားတွင် တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများပေး အပ်ခဲ့ကြသည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ဒေါတမ) ကျောင်းသား၊ ကျောင်းသူများက “အာစရိယဂုဏောအနန္တော” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေမှုူကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)