လွိုင်ကော် အောက်တိုဘာ ၅
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့တော်အား Green City၊ Clean City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြို့နာမ်ရွှေစေတီတော်နှင့် ပြည်နယ်အားကစားကွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ကျက်သရေဆောင် မြို့နာမ်ရွှေ စေတီတော်တွင် သီတင်းကျွတ်ကာလ၌ ဆီမီး(၁၀၀၀၀)ပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်ပြင်ဆင်နေမှုနှင့် စေတီတော်ပရဝဏ်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သန့်ရှင်း သာယာ လှပရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က သီတင်းကျွတ် အခါသမယတွင် ဆီမီး (၁၀၀၀၀) ပူဇော်ပွဲအား ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ကြရန်နှင့် ပွဲတော်လာပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ပြုပါဝင် ဆင်နွှဲနိုင်ရေး စီမံပေးထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်အားကစားကွင်းသို့ ရောက်ရှိကာ အားကစားကွင်းအတွင်းနှင့် ကွင်းပတ်ဝန်းကျင်တစ်လျှောက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းနှင့် ရပ်ကွက်နေ ပြည်သူများက စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် အမျိုးသားရေကူးကန် ပြန်လည်ဖွင့်လှစ်နေမှု အခြေအနေများ၊ ပြေးခုန်ပစ် အားကစားပွဲများ ကျင်းပနိုင်ရန် မီတာ ၄၀၀ Synthetic ပြေးလမ်း ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီး ဘောလုံးအသင်း စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်၏ အားကစားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အားကစားရုံများ၊ အားကစား ကွင်းများ၊ ကိုယ်ကာယလေ့ကျင့်ရေးခန်းမများတွင် အားကစားဝါသနာရှင်များက မိမိတို့နှစ်သက်ရာ အားကစားနည်းအလိုက် နေ့စဉ်လာရောက် လေ့ကျင့်ကစားနိုင်ရေး စနစ်တကျ စီမံပေးရန်နှင့် အားကစားကွင်း၊ အားကစားရုံများကို ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)