ကယားပြည်နယ်၊ မိုင်းလုံးနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှိခိုင်းကျောင်းနှင့် ခန်းမဆောင် ဆက်ကပ်အပ်နှံဝတ်ပြု ဆုတောင်းခြင်း အခမ်းအနားကျင်းပ

လွိုင်ကော် အောက်တိုဘာ ၅

အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်မြို့၊ မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်အသင်းတော်ဘုရားရှိခိုးကျောင်းနှင့် ခန်းမဆောင်ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး၍ ဆက်ကပ်အပ်နှံ ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားကို ယနေ့နံနက်က မိုင်းလုံးနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သိက္ခာ တော်ရဆရာတော်ကြီးများ၊ အသင်းသူ၊ အသင်းသားများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ လွိုင်ကော်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အဖွင့်ဆုတောင်းခြင်းအား ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့သည် မိုင်းလုံး နှစ်ခြင်းခရစ်ယာန်အသင်းတော်အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပြီး ဘုရားရှိခိုင်းကျောင်းနှင့် ခန်းမဆောင်ပြုပြင်ပြီးဖြစ်၍ အပတ်စဉ် ပြန်လည်ဝတ်ပြုဆုတောင်းခွင့် ရတော့မည်ဖြစ်၍ ဝမ်းမြောက် ပီတိဖြစ်ရပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ကိုးကွယ်ယုံကြည်မှု ဘာသာအားလုံး တန်းတူဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများကို  ဦးစားပေးပြင်ဆင်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဘာသာတရားများ၏အဆုံးအမကိုခံယူပြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြည်နယ်အစိုးရနှင့်အတူ ကျရာကဏ္ဍများမှ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက် ကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

ထို့နောက် မိုင်းလုံးနှစ်ခြင်းအသင်းတော် အသင်းသားများက ဓမ္မတေးသီချင်းများ ချီးမွမ်းသီဆိုခြင်း၊ သမ္မာကျမ်းစာဖတ်ကြားခြင်း၊ တရားဒေသနာ ဝေငှဟောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လွိုင်ကော် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တယောသံစုံတီးခတ်၍ ဂုဏ်တော်ချီးမွမ်းခဲ့ကြသည်။ ဆက်လက်၍ မိုင်းလုံးနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုင်းလုံးနှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ အလှူငွေများ ပေးအပ်ရာ အသင်းသူတစ်ဦးက လက်ခံရယူပြီး သိက္ခာတော်ရ ဆရာတော် လားဘွယ်နေမူးက လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မိုင်းလုံးနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားရှိခိုးကျောင်း၊ ခန်းမဆောင်၊ အသင်းတော်၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများအတွက် အထူးဆက်ကပ်ဆုတောင်းခြင်း၊ မိတ်ဆုံနေ့လယ်စာအတွက် ဆက်ကပ်ဆုတောင်းခြင်း၊ ကောင်းကြီးပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဧည့်သည်တော်များအား မိတ်ဆုံနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)