ပခုက္ကူမြို့၌ မြန်မာ့ရိုးရာခြင်းခတ်ကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေး ခြင်းလုံးအလှခတ်ပွဲကျင်းပ

ပခုက္ကူ အောက်တိုဘာ ၄

မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားကြီးဝန်းအတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ခြင်းလုံးအလှခတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါကပအဖွဲ့ အတွင်းရေးမှူး ဦးစိုးမြင့်က ခြင်းလုံးအလှခတ်ပွဲကျင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်ခြင်းလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဘိုမြင့်ကခြင်းလုံးအလှခတ်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့် ပွဲစဉ်အစီအစဉ်များ အကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်ခြင်းလုံး အလှခတ်ပွဲပါဝင်မည့် အားကစားအသင်းအလိုက် မဲနှိုက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုခြင်း အလှခတ်ကစားနည်းများ ဖြစ်သော ဒူး၊ခြေဖျား၊ ခြေဖမိုး၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေခွင်၊ ခြေစောင်း၊ ပခုံး၊ခေါင်း၊ ကျောကုန်း၊ တံတောင်၊ ရိုးရိုးဒူး၊ နှစ်ထပ်ဒူး၊ ဝိုက်ဒူး၊ မဟာဒူး၊ စလွယ်ခြင်း၊ ဝိုက်ခြင်း၊ ရှပ်ခြေထိုးခြင်း စသည့်အမှတ်အသားများဖြင့် အဖွဲ့လိုက် ခြင်းအလှခတ်ကစားကြသည်။

အဆိုပါခြင်းအလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင်တပင်တိုင်မင်းသမီးလေး ခြင်းလိပ်ပြာနန္ဒာဝင်း၊ ခြင်းမင်းသား  မင်းသမီးများဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီးမှ အောင်မင်းထွေး၊ မန္တလေးတိုင်း ဒေသကြီးမှ မိုးထက်မြင့်၊ မျိုးဆက်သာနှင့် စိုးဝေနှင်း၊ မကွေးတိုင်းဒေသကြီးမှ ကိုရှိုင်း၊ တင်တင်လင်း၊ အောင်သူဘိုတို့ပါဝင်သည့်အပြင် ပခုက္ကူမြို့နယ်မှ ခြင်းအလှခတ်အားကစား သမားခြောက်ဦးစီပါဝင်သော အားကစားအဖွဲ့ ၁၂ ဖွဲ့ပါဝင်ကြောင်း၊ ပွဲစဉ်အနေဖြင့် သီတင်းကျွတ် လဆန်း ၁၃ ရက်မှ ၁၄ ရက်နေ့ အထိဖြစ်ပြီး မြန်မာ့ရိုးရာခြင်းခတ် အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မြန်မာ့ရိုးရာဝိုင်းခြင်း (သို့) ခြင်းအလှခတ်ကစားခြင်းကို မျိုးဆက်သစ်လူငယ်များအနေဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရေး ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများကြည်ညိုသဒ္ဓါပွားများနိုင်စေရန် လနှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းလုံးတော်ကြီးတင်လှူပွဲ၊ ဆီမီး ၁၀၀၀၊ ပန်း ၁၀၀၀ ထွန်းညှိပူဇော်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားကြီး၏ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးလှဖုန်း၏ ပြောပြချက်အရ သိရသည်။

ဘာမီသာ(ပခုက္ကူ)