ကျောက်ပန်းတောင်း အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကမ်းလမ်းတွင် ရေကျော်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ရေစီးဆင်းမှု အရှိန်ကြောင့် ကိုင်းကျေးရွားအနီး မိုင်တိုင်အမှတ် ၅၁/၄ မှ မိုင်တိုင်အမှတ် ၅၁/၇ အတွင်းရှိ တံတားအမှတ် ၅/၅၂ မှာ အောက်တိုဘာ (၃)ရက်နေ့ နံနက်(၁၀:၄၅)နာရီက ကျိုးကျမှု ဖြစ်ပွားကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမရတော့သဖြင့် ယာယီလမ်း ပိတ်ဆို့ကာ ကျောက်ဖြည့် ပြုပြင်မှုများကို လမ်းဦးစီးဌာန ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူ များက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မွန်းလွဲ(၁:၁၅)နာရီမှစကာ အစောတလျင် ဆောင်ရွက်ခဲ့ကြရာ၊ ညနေ(၆:၂၀)နာရီတွင် မော်တော်ယာဉ်ကြီး/ယာဉ် ငယ်များ ပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားကျိုးကျမှုဖြစ်ပွားရာသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက် လာရောက်ကြည့် ရှုစစ်ဆေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရေးနှင့် လမ်းခရီးကြန့်ကြာမှု မဖြစ်စေရေးတို့အတွက် အမြန်ဆုံး ပြန်လည်ပြုပြင်ရန်လိုအပ်သည့် လမ်းညွှန်မှုများပေး၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်စေခဲ့ရာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်မှ အနီးကပ်ကြီးကြပ်၍ လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေငြိမ်းစိုး၊ မြို့နယ်လမ်းဦးစီးမှူး ဦးထွန်းအောင်ကြင်နှင့် တာဝန်ရှိသူများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများပူး ပေါင်း၍ လမ်းပြုပြင်မှုလုပ်ငန်းများကို စက်ယန္တယားများအသုံးပြုပြီး အစောတလျင်ဆောင်ရွက်ခဲ့ရာ ညနေ(၆:၂၀)နာရီတွင် ပြတ်တောက်သွားသည့် လမ်းပိုင်းနေရာ၌ ကျောက်ကြမ်းများဖြည့်တင်း ပြုပြင်နိုင်ခဲ့သဖြင့် မော်တော်ယာဉ်များ ပြန်လည် ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်းနှင့် ယာဉ်များ သွားလာမှု အဆင်ပြေ လွယ်ကူစေရန် ခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရေကြောင်းလမ်းပြခြင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)