ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ကန့်ဘလူ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို အောက်တိုဘာ ၁ ရက်နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုတို့က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မဲပေးစက်ကိုင်တွယ်အသုံးပြုပုံ၊ မဲဆန္ဒရှင်ပြည်သူများ သိရှိလိုက်မာရမည့် မဲပေးပုံမဲပေးနည်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မဲဆန္ဒရှင်ကျေးရွာပြည်သူများအား မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲအရာရှိနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ကျေးရွာပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)