မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

မကွေး အောက်တိုဘာ ၃

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစလို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ရာ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှာ ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲခဲ့ပြီး၊ ယင်းနေ့ကို ရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြောင်း၊ ၎င်းအပြင် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒီနေ့မှာဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟာ (၆၁) နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊  ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ ပေါ်ပေါက် လာစေရေး အသွင်သဏ္ဍန်ရော၊ အနှစ်သာရပါ ပြောင်းလဲအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ရဲလုပ်ငန်းစနစ် ဖော်ဆောင်မှုနှင့်အတူ ရည်မှန်းချက်တာဝန်လေးရပ်ဖြစ်သည့် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစဉ်အလာ (၁၂) ရပ်မှာပါဝင်တဲ့ “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည် ဆိုတဲ့အစဉ်အလာနှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကစပြီး နိုင်ငံတော်တာဝန်ကို တပ်မတော်က ဦးဆောင်တာဝန် ထမ်းဆောင်တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကလည်း တပ်မတော်နှင့်အတူ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ပူးတွဲလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များရဲ့ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ်ပြုတဲ့အနေနဲ့ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုတံဆိပ်များကို စိစစ်ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များရဲ့ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များရဲ့ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထား အသိအမှတ်ပြုတဲ့အနေနဲ့ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ပြုတံဆိပ်များကို အခါအားလျော်စွာ စိစစ်ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များရဲ့ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဝင်များကို ချီးမြှင့်မှုအနေနဲ့ ၂၀၂၁ ခုနှစ်မှာ ရဲတပ်ဖွဲ့ဝင် (၂၄) ဦးကို ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ် (၂၄) ဆု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာလည်း ရဲတပ်ဖွဲ့ဝင်(၂ဝ၉)ဦးကို နိုင်ငံတော်မှ ရဲသူရတံဆိပ် (၁) ဆု၊ ရဲဗလတံဆိပ် (၅၀) ဆုနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ် (၁၁) ဆုတို့ကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့် ခဲ့ပါကြောင်း၊ ဒါအပြင် ၂၀၂၃ ခုနှစ်မှာလည်း ရဲဗလတံဆိပ် (၄) ဆုနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ် (၂၁) ဆုတို့ကို နိုင်ငံတော်မှ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ်မှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအနက် တစ်ဆင့်မြှင့် ရာထူးတိုးမြှင့်ပေးသူ အရာရှိ (၅) ဦး၊ အခြားအဆင့် (၃၆) ဦး၊ စုစုပေါင်း (၄၁) ဦး၊ ရဲသူရတံဆိပ် (၂) ဆု၊ ရဲဗလတံဆိပ် (၃၄)ဆုနဲ့ ရဲချုပ်ရဲ့ ချီးကျူးဂုဏ်ပြုခံရသူ (၃၀)ဦးတို့ကို နိုင်ငံတော်မှအသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအနက် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးသူ အရာရှိ (၁) ဦး၊ အခြားအဆင့် (၄၃) ဦး၊ ရဲချုပ်ရဲ့ချီးကျူးဂုဏ်ပြုခံရသူ (၃၉) ဦးတို့ကို နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့သလို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ရဲတပ်ဖွဲ့ဝင် (၁၅၅) ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ မိမိတို့လုပ်ပိုင်ခွင့်များဖြင့် ဥပဒေကို အသုံးပြုရာတွင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင် ကောင်းများအဖြစ်  ရဲတပ်ဖွဲ့၏  သမာဓိဂုဏ် သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ဥပဒေနှင့်ညီညွတ်မှု စသည့် အချက်များဖြင့် ခိုင်မာအောင် တည်ဆောက်ပြီး၊ နိုင်ငံတော်နှင့်ပြည်သူကိုအကျိုးပြုနိုင်ရေး မိမိအလုပ်တာဝန်ကို တန်ဖိုးထားဂုဏ်ယူစွာ အစဉ်ကြိုးပမ်း လုပ်ဆောင်သွားကြရမှာ ဖြစ်ပါကြောင်း ” စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးထံမှ ပေးပို့သည့် သဝဏ်လွှာအား  မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးကျော်စိုးဝင်းက  ဖတ်ကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ထူးခြားမှုခင်းများ ဖော်ထုတ်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်စဉ် သောင်းကျန်းသူနှင့် အကြမ်းဖက် PDF အဖွဲ့များထံမှရန်သူ့အလောင်း၊ လက်နက်/ခဲယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိအောင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မတော်အရာရှိကြီးများ၊ တရားသူကြီးချုပ်ဒေါ်မိမိမော်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊  ရဲမှူးကြီး ကျော်စိုးဝင်းတို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ပြီး၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ၊ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများက လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ