စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပ

စစ်ကိုင်း အောက်တိုဘာ ၂

စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့  အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက   စစ်ကိုင်းမြို့၊  ရွာထောင်ဘိုးဘွားရိပ်သာ၌ ကျင်းပရာ စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်၊ ခရိုင်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက အဘိုး၊ အဘွားများအား ကန်တော့ကြသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက အဘိုး၊ အဘွား(၄၂)အား ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အဘိုး၊ အဘွားများကိုယ်စား ဘိုးဘွားရိပ်သာဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြပ်မတ်မှုကော်မတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မင်းကွန်းဘိုးဘွားရိပ်သာနှင့် ရှင်ချမ်းဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ဂါရဝလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)