ဖြူး အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၉) နာရီက စည်ပင်သာယာရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးထိုက်လင်းက ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး ဖြူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူး အောင်လင်းက ရဲတပ်ဖွဲ့နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ထူးချွန်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုဝင်များအား ဂုဏ်ပြုဆုများကို တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ဇနီး၊ မြို့မရဲစခန်းမှူးနှင့်ဇနီးတို့က ချီးမြှင့်ပေးခဲ့ပြီး တိုင်းရင်းသားရိုးရာ အကပဒေသာ တင်ဆက်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)