ပုသိမ် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေးနှင့် စိုက်ဧကများပြည့်မီရေးအတွက် နှစ်အလိုက်လျာထားဆောင်ရွက်ခဲ့ပြီး စီမံချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအနေဖြင့် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းအား စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ သတ်မှတ်စိုက်ဧကများ ပြည့်မီရေးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပဲပုပ်စိုက်ပျိုးခြင်းဖြင့် စရိတ်ကုန်ကျမှု သက်သာစေပြီး တောင်သူများအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အဓိကသီးနှံ (၁၀) မျိုးအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး သီးနှံ (၃)မျိုးအပါအဝင် အဓိကသီးနှံ (၁၃) မျိုး စိုက်ပျိုးရန်နှင့် အဓိကသီးနှံ (၁၃)မျိုး အပြည့်မစိုက်ပျိုးနိုင်သော နေရာများတွင် (၁၃) မျိုးပြည့်မီရန်လိုအပ်သော သီးနှံများကို အစားထိုးစိုက်ပျိုးနိုင်ရေး ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများရေရှည်တိုးတက် စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုး နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ယခုနှစ်မိုးစပါးသည် ပန်းတိုင်အထွက်နှုန်း တစ်ဧကတင်း (၁၀၀) ရောက်ရှိရန်ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းထွက်ရှိမှုများကိုတင်ပြကြရန်၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် စပါးဈေးနှုန်းသင့်တင့်မျှတစေရန် ဆောင်ရွက်သွား ကြရန်လိုပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက (၈) သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိရာ အချိန်မီစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြရန်နှင့် အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ”အမှာစကားပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပဲပုပ်-ပဲကြီးရောနှောစိုက်ပျိုးမှုအနေဖြင့် ဧက (၁) သိန်းပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်သွားမည့်အခြေအနေများနှင့် ကော်ဖီပင်စိုက်ပျိုးမှုအနေဖြင့် ကော်ဖီပျိုးပင်များ ပြုစုပျိုးထောင်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်တက်မြင့်မားရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)