စစ်တွေ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျောက်ဖြူမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဆာယာကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒာဝရထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်ကြီးများထံသို့ ဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စိန်ပန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသို့ သွားရောက်ကြည့်ရှုကြရာ စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများဖြင့် ပို့လွှတ်ပေးနေမှု၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးကရိယာများ တတ်ဆင်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် စီမံထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေနံတင်သင်္ဘောများ ဆိပ်ကပ်သည့် ဆိပ်ခံတံတားတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး စီမံကိန်းအတွင်း တာဝန်ထမ်းဆောင်နေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရုံး အစည်းအဝေးခန်းမ၌ စီမံကိန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့များ နှစ်စဉ်ပို့လွှတ်ပေးနေမှု၊ ရေနံတင်သင်္ဘောများ ရောက်ရှိမှုအခြေအနေများ၊ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းများရရှိနေမှုအခြေအနေများ၊ ဒေသတွင်းလူမှုစီးပွားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စီမံကိန်းဧရိယာအတွင်း လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုများ စသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီမံကိန်းဧရိယာအတွင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူခရိုင်၏ ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး စသည့်ကဏ္ဍများနှင့်ပတ်သက်၍ အကြံပြုရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ ဆန်နှင့်အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ကြပြီး ကျောက်ဖြူမြို့ပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများရရှိနိုင်ရေးအတွက် ဆိုလာမီးများ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတရသစာအုပ်များကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောက်ဖြူခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုယ်စီအသိစိတ်ဖြင့် ပူးပေါင်းပြီး ပြည်သူများကို ဝန်ဆောင်မှုပေးကြရန်၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်နေမှု၊ Grade-12 ကျောင်းသား၊ ကျောင်းသူများအတွက် စာကြည့်ဆိုလာမီးလုံးဖြန့်ဝေပေးထားမှု၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတရသစာအုပ် စာပေများလှူဒါန်းပေးမှု၊ ကျောက်ဖြူခရိုင် အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများတတ်ဆင်ပေးထားမှုနှင့် ဆိုလာစနစ်ဖြင့် လမ်းမီးများ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ တတ်ဆင်ပေးထားမှုကို သွားရောက်ကြည့်ရှုကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိတတ်ဆင်နေမှု၊ ပြီးစီးနေမှုနှင့် မီးများဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျ စေတနာထားဆောင်ရွက်ကြရန်နှင့် ဆိုလာမီးများကိုင်တွယ်သုံးစွဲရန် ဆေးရုံဝန်ထမ်းများအား သင်ကြားပို့ချပေးသွားရန်မှာကြားပြီး ဆိုလာမီးများ တတ်ဆင်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံတက်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေကြသည့် လူနာများအားလှည့်လည်ကြည့်ရှု အားပေးစကားပြောကြပြီး အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ကြကာ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်များ၊ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွေရာများနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ကျောက်ဖြူမြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားရိပ်သာစောင့်ရှောက်မှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဘိုးဘွားရိပ်သာအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး ဘိုးဘွားများအား လှူဖွယ်ဝတ္ထုများနှင့် စားသောက်ဖွေရာများကို ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့အဝင်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)