စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး

စလင်း စက်တင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ ဌာနဆိုင်ရာရုံးများ လူနေအိမ်များရှိ အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေးများအား ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့စက်တင်ဘာလ(၂၅)ရက် နံနက်ပိုင်းက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်သူရမှ ရပ်ကွက်အတွင်းရှိ လူနေအိမ်များရှိ မိသားစုများအား ခွေးရူးပြန်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် ခွေးရူးရောဂါသည် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies virus) ကူးစက်ခြင်းကြောင့်ဖြစ်သော ကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့်လင်းနို့မှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်များကိုက်ခံရခြင်း(သို့မဟုတ်) ကုတ်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင်ခြေများကြောင်း၊ ခွေးကြောင်များကို အသိရှိရှိဖြင့်ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည်မိမိနှင့် မိသားစုကိုသာမက လူအဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှကာကွယ်နိုင်ကြောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးများအား လူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများနှင့် ဌာနဆိုင်ရာရုံးများရှိ ခွေးကောင်ရေ (၅၀)ကောင်အား အခမဲ့ထိုးနှံ၍  ခွေးရူးရောဂါအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့ဝေခဲ့ကြောင်း သိရသည်။

ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)