ငဖဲ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၇ ရက် ယနေ့နံနက် ၆ နာရီအချိန်တိုင်းတာချက်အရ မန်းချောင်းရေလှောင်တမံ အမြင့်ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ ၆၂၇.၂၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၂.၂၀ ပေအမြင့်နှင့် ရင့်ရှည်ရေလှောင်တမံသည် အမြင့် ပေ ၆၁၀ ၊ ဆည်ရေပြည့်အမှတ် ၆၀၂ ပေရှိရာမှ ၆၀၂.၉၀ ပေသို့ ရောက်ရှိပြီး ရေပိုလွှဲမှ ၀.၉၀ပေ အဖြစ် တမံရေပိုလွှဲများမှ ဆက်လက်ရေကျော် စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ယခုလက်ရှိတွင် ဆည်တမံများအတွင်း ရေပြည့်မှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေ၍ မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁) အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ မန်းတမံနှင့်ရင့်ရှည်ဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထားရှိပြီး တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်လျက်ရှိသည်။
ငဖဲမြို့နယ်တွင် စက်တင်ဘာလ စတုတ္တပတ်အတွင်း မိုးများအဆက်မပြတ် ဆက်လက်ရွာသွန်းခဲ့ခြင်းကြောင့် ဆည်များအတွင်း တောင်ကျချောင်းရေနှင့် မိုးရေများ အဆက်မပြတ် ဝင်ရောက်ကာ မန်းတမံရေပိုလွှဲမှ ၂.၂၀ ပေ နှင့် ရင့်ရှည်တမံရေပိုလွှဲမှ ၀.၉၀ ပေဖြင့် ဆက်လက်၍ရေကျော်စီးဆင်းလျက်ရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင်ကောင်းမွန်ပြီး ၂၄ နာရီ ရေကင်းတာဝန်ချထားကာ အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)