ဂန့်ဂေါ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က မြို့မရပ်ကွက်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနရုံးများသို့ သွားရောက်၍ ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ရုံးခန်းများစနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုများနှင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာလိုင်းခန်းများတွင် သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိမိတို့ရုံးဌာနများ အမြဲသန့်ရှင်းသာယာလှပစေရေးအတွက် ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးလုပ်ငန်းများကို ဝန်ထမ်းများစုပေါင်း၍ နေ့စဉ်/အပတ်စဉ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဌာနပိုင်အဆောက်အဦများနှင့် ဌာနပိုင်မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ပြုပြင်ရန်လိုအပ်သည်များကို အချိန်မီပြန်လည်ပြုပြင် ဆောင်ရွက်သွားကြရန်နှင့် ဌာနမှမိမိတို့အားပေးအပ်သည့် လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်းတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း