မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်နှင့် ပတ်သက်၍ အသိပညာပေးခြင်း လက်တွေ့စမ်းသပ်ခြင်းတို့ကို ကြည့်ရှုအားပေး

မကွေး စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၊ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ကြည့်ရှု၍ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

အခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရွေးကောက်ပွဲအရာရှိ ဦးပြည့်မောင်က ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရခြင်း၏ရည်ရွယ်ချက်၊ စက်၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလာဒ်ရေတွက်ပုံ၊ မဲရုံခင်းကျင်းမှုပုံစံ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးရာ တက်ရောက်လာသည့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ ကိုယ်တိုင်ကိုယ်ကျ ဆန္ဒမဲပေးခြင်းများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။

ထို့နောက် တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၊ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကိုအခြေခံ၍ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင် ဆောင်ရွက်ကြကြောင်း၊ နိုင်ငံဖွံဖြိုးတိုးတက်ဖိုအတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သကဲသို ကျေးလက်နေပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ အောင်မြင်ဖြစ်ထွန်းရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရန် အဓိကလိုအပ်ပါကြောင်းနှင့် ယခုတွေ့ဆုံပွဲတွင် တောင်သူများအနေဖြင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ကုက္ကိုခွကျေးရွာနှင့် ဂျုတ်ကုန်းကျေးရွာများမှ ဒေသခံတောင်သူများ၏ စိုက်ပျိုးရေ(ဆည်ရေ)ရရှိရေး၊ ကျေးရွာချင်း ဆက်လမ်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းများ တိုးချဲ့ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေး (ဆည်ရေ) ရရှိရန် ခက်ခဲသောဒေသများ၌ ဆိုလာစနစ်တပ်ဆင်အသုံးပြုဆောင်ရွက်ပေးနိုင်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးနှင့် တိုင်းဒေသကြီးအတွင်းရေးမှုးတို့က Mrtv Set top box နှင့် အားကစားပစ္စည်းများကို ဒေသခံပြည်သူများနှင့် ကုက္ကိုခွအခြေခံပညာအထက်တန်းကျောင်း (ခွဲ) မှ တာ၀န်ရှိသူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)