ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာ (၁၆၁၅၀)ဧက စိုက်ပျိုးမည်

ပွင့်ဖြူ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နေကြာ (၁၆၁၅၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆီစားသုံးမှု ဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် နေကြာ (၁၆၁၅၀)ဧက စိုက်ပျိုးရန် လျာထားပြီး လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"လာမဲ့ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ နေကြာ (၁၆၁၅၀)ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လက်ရှိမှာ တောင်သူတွေကို  လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ မြေဆီလွှာများ ကောင်းမွန်အောင်ဆောင်ရွက်ရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲတတ်စေရေး၊ စိုက်ပျိုးရေ အလေအလွင့်နည်းပါးအောင် ဆောင်ရွက်ရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေးအသိပညာပေးတာတွေကို ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သီးနှံအထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု ကင်းရှင်းရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းများပေးခြင်း၊ လက်တွေ့ကွင်းဆင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းနှင့် မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲတတ်စေရေး အသိပညာပေးခြင်းများကို ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူများအနေဖြင့် နေကြာသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံသောသီးနှံများကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)