မင်းဘူး စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန် ခရိုင်နှင့် မြို့နယ်များရှိ မီးသတ်ဦးစီးဌာနရုံးများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့် စုဖွဲ့ထားရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
မိုးတွင်းကာလ မုန်တိုင်းအရှိန်ကြောင့် မိုးများပြီး တောင်ကျချောင်းများရေးစီးဆင်း၍ ရေကြီး၊ ရေလျှံခြင်းများဖြစ်ပွားခြင်း၊ ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကျရောက်ဖြစ်ပွားလာပါက လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနလက်အောက်ရှိ မင်းဘူးခရိုင်အတွင်းက မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခန့် မီးသတ်စခန်းများတွင် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် တစ်မြို့နယ်လျှင် တပ်စုတစ်စုကို ၃၅ ဦးနှုန်းဖြင့် တပ်စုပေါင်း ငါးစု၌ တပ်ဖွဲ့ဝင်စုစုပေါင်း ၁၇၅ ဦးဖြင့် အရန်သင့်ဖွဲ့စည်းထားရှိကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းပြီး မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ကမ်းပြိုဘေး စသည့် သဘာဝဘေးအမျိုးအစားအလိုက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တပ်စုအဖွဲ့လိုက် လေ့ကျင့်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလေ့ကျင့်ခြင်းနှင့် အသိပညာပေးလှည့်လည် နှိုးဆော်ခြင်း အစီအစဉ်များကို အစဉ်အမြဲ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောကြားခဲ့သည်။
မင်းဘူးခရိုင်၌ ယခုရက်ပိုင်း တိုင်ဖွန်းမုန်တိုင်း “ရာဂါဆာ”အရှိန်ကြောင့် မိုးများ အဆက်မပြတ်ရွာသွန်းမှုနှင့်အတူ တောင်ကျချောင်းရေများ ထပ်မံစီးဆင်းဝင်ရောက်လာနိုင်သည့်အတွက် မြစ်ချောင်းကမ်းပါးများနှင့် မြေနိမ့်ပိုင်းဒေသတလျှောက်တွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မင်းဘူးမြို့၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိရေအမှတ်သည် ၁၃၆၅ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ကာ ယခုရက်ပိုင်းတွင် ဧရာဝတီမြစ်ရေ အနည်းငယ်တိုးမြင့်စီးဆင်းလျက်ရှိကြောင်း သိရသည်။
မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် နယ်မြေအလိုက် အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို အရန်သင့်ဖွဲ့စည်းထားရှိပြီးဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက သက်ဆိုင်ရာနယ်မြေခံ မီးသတ်စခန်းများနှင့် အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်များသို့ အချိန်မရွေး ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)