ဆိပ်ဖြူ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်တို့၌ ဆိပ်ဖြူ (အ.ထ.က) ကျောင်းတွင် ပြုလုပ်သည်။
အဆိုပါအခမ်းအနားကို ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေဖတ်ရှုခြင်းမှ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများတိုးပွား၍ အတတ်ပညာများတိုးပွားပြီး လက်တွေ့အသုံးချမျှဝေဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်တင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယု၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်နှင့် ဆိပ်ဖြူ (အ.ထ.က) ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များက ထာဝရသစ္စာသီချင်းဖြင့် (Fitness Dance) အကတို့ကို ကြည့်ရှုအားပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၌ ပြသဆောင်ရွက်ထားရှိသည့် ကလေးစာဖတ်ခန်း၊ စာအုပ်စာစောင်ပြခန်း၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြခန်းနှင့် မြို့နယ်၏ ဒေသထုတ်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများပြခန်း(Mini Museum)၊ ကျောင်းသား/ကျောင်းသူလေးများ ရေးဆွဲထားသည့် ပန်းချီပြခန်းနှင့် ဒေသအလှရှုခင်းမှတ်တမ်းပြခန်းတို့ကို ကြည့်ရှုလေ့လာအားပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲများ၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အမြဲမပြတ်လေ့လာသင်ယူရေး (Never Stop Learning Talk Show ) စကားဝိုင်း၊ ကျောင်းသား/ ကျောင်းသူများ ပျှော်ရွှင်ဖွယ် (Game) ကစားပွဲများကို တက်ရောက်အားပေးခဲ့ကြသည်။ ထို့နောက် နဝရတ်ခန်းမ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်တို့က ရှင်းလင်းပြောကြားဆောင်ရွက်ပေးပြီး ဆိပ်ဖြူ(အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က ကျေးဇူးတင်စကားများပြောကြားပေးသည်။ ၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမြဲမပြတ်လေ့လာသင်ယူရေး (Never Stop Learning Talk Show) စကားဝိုင်း၌ ပါဝင်ဆွေးနွေးဆောင်ရွက်ကြသည့် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ မြို့နယ်ရဲတပ်ဖွဲမှူး ၊မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာများက ကျပန်းစကားပြောပြိုင်ပွဲများ ၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့မှ ဆုရကျောင်းသား/ ကျောင်းသူများကို အသီးသီးဆုများချီးမြှင့်ပေးသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)