ဖားကန့် ဩဂုတ် ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်ရပ်နားထားရာ ကျင်းဘက်သို့ မြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှနေအိမ်များအား ဩဂုတ်လ (၃) ရက်နေ့က ယာယီ ပြောင်းရွှေ့ရန် နေရာစီစဉ်လျက်ရှိနေကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ ထံမှ သိရသည်။
"ဝှေခါမှာ အဓိက မြေပြိုကျနိုင်တဲ့အန္တရာယ်ရှိနေရာ သုံးခုရှိပါတယ်၊ မှော်သစ်ကုန်းရပ်ကွက်ရယ်၊ ခကျန်ရပ်ကွက်ရယ်၊ လခူးချောင် ရပ်ကွက်(၆) ရယ်၊ မှော်သစ်ကုန်းမှာဆိုရင် (၃၉)အိမ်ကို ပြောင်းရွှေ့ပေးပြီးပါပြီ၊ နောက်ထပ်(၃၃)အိမ်ကို ပြောင်းရွှေ့ဖို့စီစဉ်နေပါတယ်၊ ခကျန်က(၁၃)အိမ် ရွှေ့ပြီးပါပြီ၊ နောက်ထပ်(၂၈)အိမ်ကို ပြောင်းဖို့စီစဉ်နေပါတယ်၊ လခူးချောင်(၆)မှာတော့ (၁၈)အိမ် ပြောင်းရွှေ့ပြီးပါပြီ၊ နောက်ထပ်(၁၈)အိမ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်" ဟု မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့(၅) အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးစိုးဝင်းကျော် က ပြောသည်။
မြေပြိုကျနိုင်သည့် အန္တရာယ်ရှိနေအိမ်များအား ပြောင်းရွှေ့စေရေးဆောင်ရွက်ရာ၌ ဘေးလွတ်ရာ နေရာများဖြစ်သည့် ဝှေခါကျေးရွာပိုင် ခန်းမဆောင်တွင် မိသားစု(၂၀)ခန့်နှင့် ကျေးရွာ ငြိမ်းချမ်းရေး ခန်းမဆောင်တွင် မိသားစု(၃၀)ခန့် ယာယီနေထိုင်နေစေနိုင်စေရေးအတွက် စီစဉ် ဆောင်ရွက်နေမှုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အန္တရာယ် ရှိနေအိမ်များ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုံးခင်း-ဖားကန့် ကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဝှေခါမှော်၌ ကျောက်မျက်လုပ်ကွက်များ ရပ်နားထားသည့် ကျင်းဘက်သို့ ဇူလိုင် ၂ ရက်နေ့ မြေပြိုမှု ဖြစ်စဉ်ပြီးနောက် မြေပြိုကျမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကျေးရွာမြေသားများ ထပ်တိုးအက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိနေသည့်အတွက် နေအိမ်ပြောင်းရွှေ့ရန်စီစဉ်ရမှု ပိုတိုးလာ ရခြင်းဖြစ်ကြောင်း ဝှေခါကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ပြောင်းရွှေ့ရန်စီစဉ်ထားသည့်နေအိမ်များမှ မိသားစုဝင်များ၊ ကျေးရွာ ရပ်မိ/ရပ်ဖ များနှင့် သက်ဆိုင်ရာကုမ္ပဏီများ၊ သုံးဦးသုံးဖလှယ် ညှိနှိုင်းဆွေးနွေးကာ နေအိမ်ပြောင်းရွှေ့ စရိတ်များအား စီစဉ်ပေးလျက်ရှိနေကြောင်း သိရသည်။
တာလင်းမောင်(ပြန်/ဆက်)