ငဖဲ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ခရိုင်အဆင့်လုပ်ငန်းစိစစ်ရေးအဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်/တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငဖဲမြို့နယ် ပဒါန်းလျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံနှင့် အခြားဓာတ်အားလိုင်း တည်ဆောက်မှုလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ခရိုင်အဆင့်လုပ်ငန်းစိစစ်ရေးအဖွဲ့သည် ငဖဲမြို့နယ် ပဒါန်းကျေးရွာ ပုသိမ်-မုံရွာလမ်းဆုံအနီး ပြည်ထောင်စုဘတ်ဂျက် ကျပ်သန်း (၈၉.၀၂၇)ဖြင့် တည်ဆောက်လျက်ရှိသော ၆၆/၁၁ ကေဗွီ(၅) အမ်ဗွီအေခွဲရုံ တည်ဆောက်ခြင်းနှင့် တိုင်းဒေသကြီးရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၅၄၅.၉၇၁ ဖြင့် လျှပ်စစ်စီမံကိန်းလုပ်ငန်း ၆ ခု ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မင်းဘူးခရိုင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ကျော်အောင်က ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ၆၆/၁၁/ကေဗွီ(၅)အမ်ဗွီအေ ပဒါန်းဓာတ်အားခွဲရုံကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၈၉.၀၂၇ ဖြင့် သိဒ္ဓိရွှေပြည်ကုမ္ပဏီက လည်းကောင်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၅၄၅.၉၇၁ ဖြင့် ဆောင်ရွက်သည့် လျှပ်စစ်လုပ်ငန်း ၆ ခုကို ကုမ္ပဏီ ၃ ခုမှ တာဝန်ယူတည်ဆောက်ခဲ့ရာ ယနေ့ထိ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)