ပခုက္ကူ စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကြိုဆိုပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပသည်။
ပထမဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား မောင်ကောင်းခန့်ထွန်းအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ကြိုဆိုကြသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သူသူကျော်က လူရည်ချွန်ကြိုဆိုပွဲနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများက လူရည်ချွန်ကျောင်းသား မောင်ကောင်းခန့်ထွန်းအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြရာ လူရည်ချွန်ကျောင်းသား မောင်ကောင်းခန့်ထွန်းက လူရည်ချွန်ဖြစ်ရေး ကြိုးစားအားထုတ်ခဲ့မှုများနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
လူရည်ချွန်ကျောင်းသား မောင်ကောင်းခန့်ထွန်းမှာ ပခုက္ကူမြို့၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ Grade-9 ကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် လူရည်ချွန်အဖြစ်ရွေးချယ်ခံရကာ မကွေးတိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆု၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-8အတန်းတွင် မကွေးတိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုနှင့် နိုင်ငံတော်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုစသည်ဖြင့် ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)