ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာအုပ်စု (၂) အုပ်စုရှိ တောင်သူများအား မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ပေး

ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် တောင်သူများ မိုးရာသီ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျေးရွာအုပ်စု (၂) အုပ်စုရှိ တောင်သူ(၉၀)ဦးတို့၏ မိုးစပါးစိုက်ဧက (၈၈) ဧကနှင့် အခြားသီးနှံဧက (၅၇၀) ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ချေးငွေထုတ်ချေးသည့် စာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပေးရာတွင် မိုးစပါး စိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ တစ်ဧကလျှင်ငွေကျပ် တစ်သိန်းနှုန်းတို့ကို ယနေ့အထိ ကျေးရွာအုပ်စု (၂၅) အုပ်စုမှ တောင်သူ (၁၈၀၁) ဦး၏ မိုးစပါးစိုက်ဧက (၁၇၀၇) ဧက၊ အခြားသီးနှံဧက (၉၁၇၇) ဧကအတွက် ငွေကျပ် (၁၁၇၃၇၅.၀၀) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)