မြဝတီမြိုနယ်၌  နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

မြဝတီ စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လယ် ၁ နာရီက မြဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြဝတီခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက မြဝတီမြို့နယ်အတွင်း ဆီထွက်သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးနှင့် အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ရေးမှာ အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ခြင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြဝတီမြို့နယ်အတွင်း ဆောင်းနေကြာမျိုးစေ့ ထောက်ပံ့ပေးခြင်းဖြင့် တောင်သူများအတွက် မျိုးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံမှုရရှိစေရေးနှင့် ပြည်ပမှ တင်သွင်းကုန်အစားထိုးအနေဖြင့် နေကြာစိုက်ပျိုးခြင်းများကို ရာသီအမှီ စိုက်ပျိုးရန်လိုအပ်ခြင်း၊ ယခုနှစ်တွင်လည်းနေကြာသီးနှံ (၅၅၀) ဧကစိုက်ပျိုးမည့် ကျေးရွာအုပ်စု (၅) အုပ်စု၊ ကျေးရွာ (၆)  ရွာမှ သီးထပ်၊ သီးညှပ်ဧကအဖြစ် နေကြာမျိုးစေ့ကီလို (၉၀၀) ပံ့ပိုးပေးမှုအပေါ် တောင်သူများမှ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစေလိုပါကြောင်း  အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က တောင်သူများအား နေကြာစိုက်ပျိုးမှုအပေါ်အမှာစကားရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစံအောင်က နေကြာစိုက်ပျိုးခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဦးစီးအရာရှိ ဦးသန်းရွှေက နေကြာစိုက်ပျိုးမည့် အစီအစဉ်အားလည်းကောင်း ထပ်ဆင့်ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့်တာဝန်ရှိသူများက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မြဝတီမြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး နေကြာစိုက်ပျိုးမည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)