ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မိုးစပါးနှင့် အခြားမိုးသီးနှံစိုက်ပျိုး တောင်သူများအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိစေရန် ရေလှည့်စနစ်ဖြင့် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိ

ပွင့်ဖြူ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးထားရှိသော မိုးစပါးသီးနှံအပါအဝင် အခြားမိုးသီးနှံ စိုက်ခင်းများအား စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိစေရေး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တဆင့် ရေလက်တံမြောင်းများကို ရေလှည့်စနစ်ဖြင့် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မိုးသီးနှံစိုက်ခင်းများအား စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိစေရေးအတွက် ရေလှည့်စနစ် ကျင့်သုံး၍ ဖြန့်ဝေပေးရာတွင် မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ ရေပေးဝေမှု ပိုမိုထိရောက်စေရန်အတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မြောက်မုန်းမြောင်းမကြီး(သာဂရ) အောက်ပိုင်း ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများအား ရေလှည့်(၄)ရက်၊ မြောက်မုန်းမြောင်းမကြီး(သာဂရ)အထက်ပိုင်း ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများအား ရေလှည့်(၃)ရက်ဖြင့် ဖြန့်ဝေပေးလျက်ရှိပြီး တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာ အတွင်းရှိ သီးနှံစိုက်ခင်းများအား ရေပေးဝေမှုတွင် လက်တံမြောင်း(၂၊ ၄၊ ၁၃၊ ၁၄၊ ၁၅)တွင် ရေလှည့်(၅)ရက်၊ လက်တံမြောင်း(၇၊ ၈) တွင် ရေလှည့်(၃)ရက်၊ လက်တံမြောင်း(၄-က နှင့် ၉၊ ၁၁)တွင် ရေလှည့်(၃)ရက်၊ လက်တံမြောင်း (၆)တွင် ရေလှည့်(၃)ရက်ဖြင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများ အပြည့်အဝရရှိအောင် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဒေသခံတောင်သူများ (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးအတွက် စနစ်တကျ စီမံခန့်ခွဲပြီး ဖြန့်ဝေပေးလျက်ရှိရာ တောင်သူများမှ ဆည်ရေရယူ၍ သီးနှံများ စိုက်ပျိုးရာတွင် ရေလေလွင့်ဆုံးရှုံးမှု မရှိစေရေး ဆည်ရေကို လိုအပ်သောအချိန် လိုအပ်သောနေရာ၌ စနစ်တကျ ရယူသုံးစွဲနိုင်စေရန် လယ်ကြားမြောင်းများ တူးဖော်ခြင်း၊ ကျေးရွာအလိုက် ရေအသုံးချသူများအဖွဲ့(WUG)များ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ပေါင်းမြက်များနှင့် ဒိုက်ဖက်များ ဆယ်ယူရှင်းလင်းခြင်း၊ ရေမြောင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဒေသခံတောင်သူများကို ဆည်ရေလေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး အသိပညာပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ရှိ မဲဇလီရေလွှဲဆည်သည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်ကာ တောင်သူ အကျိုးပြု အားကိုးအားထားရသော အဓိကဆည်ကြီးတစ်ခုဖြစ်ပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တဆင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းမြို့နယ်များမှ ဒေသခံတောင်သူများအတွက် နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် ဖြန့်ဝေ ပေးလျက်ရှိသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွက် ဇွန်(၂၀)ရက်နေ့မှ စတင်၍ ဆည်ရေဖြန့်ဝေပေးခဲ့ကြောင်း၊ ထိုသို့ ဖြန့်ဝေရာ၌ မိုးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိစေရန် ရေလှည့်စနစ်ကျင့်သုံးပြီး စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်ပြီးစီးမှုအနေဖြင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ပွင့်ဖြူ၊ မင်းဘူးမြို့နယ်တွင် ၃၄၉၁၉ ဧကနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာရှိ ပွင့်ဖြူ၊ စလင်းမြို့နယ်တွင် ၃၉၈၉၅ ဧက၊ စုစုပေါင်း မိုးစပါးသီးနှံ ၇၄၈၁၄ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်း ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)