ပဲခူး စက်တင်ဘာ ၂၁
၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံပညာအဆင့်သည် စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ သုတ၊ သက်မွေး စသည်ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်သလို အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာ အခြေခံအုတ်မြစ်ဖြစ်သည့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား/သူများဖြစ်လာစေရေးအတွက် ကျောင်းသားအားကစားပွဲတော်များကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ ခွန်အားနှင့်ဉာဏ်ရည်ကို စနစ်တကျလှုပ်ရှားစေခြင်းဖြင့် ကျန်းမာပျော်ရွှင်မှုကို ဖြစ်ပေါ်စေသည့် ပညာရပ်တစ်ခုဖြစ်ကာ အနိုင်၊ အရှုံး တစ်ခုတည်းကိုမူတည်ပြီး ယှဉ်ပြိုင်ခြင်း မဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို လေးစားလိုက်နာမှု၊ ယဉ်ကျေးမှု အစရှိသည်တို့ကိုပါ ယှဉ်ပြိုင်ရခြင်းဖြစ်၍ မိမိတို့ဒေသ၏ ဂုဏ်သတင်းကို အားကစားနှင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားကြစေလိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၏ ၈၀% သည် ကျောင်းသားအားကစားပြိုင်ပွဲ မျိုးဆက်သစ်များမှ အခြေပြုလာသော အားကစားသမားများဖြစ်၍ နောင်တစ်ချိန် နိုင်ငံတော်မှ အားထားရသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်အုပ်စု ပြိုင်ပွဲဝင် အားကစားသမားများမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အားအလေးပြုပြီး အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ပဲခူးမြို့ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ်အတွဲ အမှတ်(၃) (၄)နှင့် Physical Fitness Exercise PE(22) ဖြင့် သရုပ်ပြဖျော်ဖြေကြပြီး အ-ထ-က(၃) ကျောင်းသား၊ ကျောင်းသူများမှ ဘင်ခရာသီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အဖွင့်ပြိုင်ပွဲအဖြစ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ် ဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်အားကစားနည်း(၇)မျိုး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)