မကွေး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲ၀င်အသင်းများမှ သစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြသည်၊ဆက်လက်၍ အ.ထ.က(ခွဲ)ဆားစည့် ကျောင်းမှ ဘင်ခရာအဖွဲ့နှင့် အ.လ.က အောင်စေတနာကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ Fitness Exercises ကို "အာရှမြန်မာ "သီချင်းဖြင့် သရုပ်ပြတင်ဆက်ခြင်းနှင့် အ.လ.က-ရဲ ကျောင်းမှထာဝရသစ္စာ သီချင်းများဖြင့်ဖျော် ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒသကြီး ဝန်ကြီးချုပ်မှ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများက ပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင်သင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများဖြစ်သည့် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ စားပွဲ တင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနဲ့ ပြေးခုန်ပစ်ပြိုင်ပွဲများကို ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ရာ စက်တင်ဘာလ(၂၀)ရက်မှ စက်တင်ဘာလ(၂၂)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)