ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆန်းဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ကိုးပင်ကျေးရွာ စက်သုံးဆီအရောင်းဆိုင်များ၌ မီးသတ်ဦးစီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ သက်တမ်းလွန် မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ မီးသတ်ရေလှောင်ကန်များ၌ ရေများအရန်သင့် စုဆောင်းထားရှိမှု ရှိ/မရှိ၊ စက်သုံးဆီသိုလှောင်ကန်များ၌ စက်သုံးဆီများ စနစ် တကျသိုလှောင်ထားရှိမှုနှင့်ဖြန့်ဖြူးရောင်းချပေးနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဖြည့်တင်းဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)