ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားတွင် အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းပသော အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး G-11မှ မမေသံစဥ်ကျော်နှင့် မဖူးငုံကျော်၊ G-10 မှ မောင်ဇင်မျိုးထွန်းနှင့် မောင်ချမ်းပြည့်သူတို့ကစာရေးဆရာ ဗန်းမော်တင်အောင်ရေးသားသော ငဩ စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူ များကသိရှိလိုသည်များမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများ က ပြန်လည်ဆွေးနွေး ပြောကြားသည်။
ထို့နောက် အခြေခံပညာမူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးနှင့် ဖျော်ဖြေပေးကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် မှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကာ အ-ထ-က(ဆင်ပေါင်ဝဲ)မှ ကျောင်းသား၊ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက် သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံများ၊ နံရံကပ်စာစောင်များ၊ စာအုပ်ပြပွဲများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အမြဲမပြတ်လေ့လာသင်ယူရေး စကားဝိုင်း ဆွေးနွေးပွဲအပြင် စာအုပ်ပြခန်း၊ အသိပညာပေးပြခန်းများဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပဆင်နွှဲခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)