အထက်မင်းလှ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးနှင့်ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးစွမ်းအား မြှင့်တင် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အခြေခံပညာမူလတန်းကျောင်း(ကုန်းရွာ)၏ (၁)ထပ်သွပ်မိုး၊ အုတ်ညှပ်အား ဖျက်သိမ်း ၍ (၂)ထပ် RCC အသစ်ဆောက်လုပ်ခြင်းနှင့် ဝါစိုက်ခင်းများကို စက်တင်ဘာ ၁၉ ရက်နေ့ ညနေက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ အခြေခံပညာမူလတန်းကျောင်း(ကုန်းရွာ)၌ ယခင်ငွေစင်မြင့်မိုရ်ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်သည့် (၁)ထပ်သွပ်မိုး၊ အုတ်ညှပ်အားဖျက်သိမ်း၍ (၁၁၀'× ၃ဝ') (၂)ထပ် RCC အသစ်ပြန်လည်ဆောက်လုပ်ခြင်းကို ၁-၈-၂၀၂၅ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ၂၅ % ဆောင်ရွက်ပြီးစီးမှုအခြေအနေကို တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ကျော်လွင်က တာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး နှင့် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ရုံးရပ်ကွက်(မြောက်ပိုင်း)၊ ကွင်းအမှတ်(၈၄၀)၊ ဦးပိုင်အမှတ်(၉၀)၊ ယာမြေဧရိယာ (၄.၅၀)ဧကရှိ ဦးမြင့်ကိုကို၏ ရွှေတောင်(၁၀)ဝါစိုက်ခင်းနှင့်ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၅၉)၊ ဦးပိုင်အမှတ်(၃၉)၊ ယာမြေဧရိယာ(၂)ဧကရှိ ဦးဇော်ကြီး၏ ရွှေတောင်(၁၀)ဝါစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးသိန်းမှ ချည်မျှင်ရွှေဝါစိုက်ပျိုး နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပန်းတော်ပြင်ကျေးရွာအုပ်စုနှင့် ရွာတော်ကျေးရွာအုပ်စုတို့မှ လယ်ယာမြေ အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)