ကံမမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကံမ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့ နေ့လယ်(၁)နာရီက အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ နောက်ဆက်တွဲဖြစ်စေနိုင်သည့် ဆိုးကျိုးအန္တရာယ်များ စသည့်အကြောင်းအရာများကို ရှင်းလင်း ဟောပြောပြီး ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အမှားအမှန် ခွဲခြားတတ်စေရန် ကျောင်းစာအပြင် ပြင်ပသုတရသစာပေများကို ဖတ်ရှုလေ့လာကြရန် ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်း‌ပြသထားသည့် စာအုပ်စာစောင်များနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။ ကျော်ဇေယျဝင်း(ကံမ)