စစ်တွေ စက်တင်ဘာ ၂၁
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ရဲတပ်ဖွဲ့ဝင်များစုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြရာ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များက ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ အားကစားကွင်းများ သန့်ရှင်းသာယာရေးဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြစဉ် ရဲတပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွှေပြားရပ်ကွက်၌ အထူးသန့်ရှင်းရေးအဖွဲ့မှ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက သန့်ရှင်းသာယာလှပရေးအတွက် အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လိုက်လံရှင်းလင်း ပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမကြီး၊ အောင်ဇံဝေလမ်း၊ ခေါင်းလောင်း ကျောင်းလမ်း၊ ရွှေပြားဈေးလမ်းတို့တွင် သန့်ရှင်းရေးဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ အထူးသန့်ရှင်းရေးဆောင်ရွက်ရာတွင် အဆိုပါလမ်းများ၏ လမ်းဘေးဝဲယာရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ စစ်တွေမြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံး၌ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံကြသည်။
ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက တစ်ဦးချင်း နှုတ်ဆက် စကားပြောကြားကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များသည် မိမိတို့ဒေသ၊ ကျေးရွာများ၌ အများကြည်ညိုလေးစားရသူများဖြစ်၍ ရပ်ရွာအတွင်းနေထိုင်ကြသူများ၏ ကောင်းရာကောင်းကျိုးကိစ္စအဝဝကို ဆုံးမသွန်သင်ပေးရကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ရပ်ရွာများ၊ IDP စခန်းများတွင် သန့်ရှင်းသာယာရေး စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးကိစ္စ များကို ဘာသာရေးကျောင်းများတွင် တွေ့ဆုံကြစဉ် ဆွေးနွေးဟောပြောပေးကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့ ရပ်ရွာ၊ စခန်းများတွင် လိုအပ်သည်များရှိပါက ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ယင်းနောက် ဘာသာရေးခေါင်း ဆောင်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)