အင်းတော် ဩဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိသည့် နေအိမ်နှင့်ကိုက် (၁၀၀) အတွင်းရှိ နေအိမ်ပတ်ဝန်းကျင်အား ရောဂါကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
အင်းတော်မြို့နယ်အနေဖြင့် ယနေ့အထိ မြို့နယ်အတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါပိုးတွေ့ရှိလူနာ စုစုပေါင်း (၅)ဦး ရှိပြီး၊ ကသာဆေးရုံတွင် ဆေးကုသခံယူနေသူ (၃) ဦး၊ အင်းတော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ (၁) ဦး၊ ရောဂါပိုးကင်းစင်၍ ပျောက်ကင်းသူ (၁) ဦး ရှိကြောင်း၊ အဆိုပါ လူနာ (၅) ဦးမှာ အောင်မင်္ဂလာရပ်ကွက်၊ အင်ပင်ကျေးရွာ၊ အလယ်ဆိပ်ကျေးရွာ၊ မဲဇာကျေးရွာနှင့် ပင့်တင်ကျေးရွာတို့မှ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါပိုးတွေ့ရှိရာနေများကို သွားရောက်၍ ရောဂါ ကာကွယ်နိုင်ရေး၊ ရောဂါပိုးထပ်မံ ကူးစက်မှုမရှိစေရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေး ကျန်းမာရေးအသိပညာပေး လုပ်ငန်း များကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့် အချိန်ကာလအတွင်း ရောဂါပိုးသယ်ဆောင်သည့် ခြင်ကိုက်ခံရမှု မရှိစေရေးအတွက် သတိထား နေထိုင်သွားကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အမိန့်နှင့်ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြကုဋေက ပြောပြခဲ့သည်။
အဆိုပါအဖွဲ့တွင် အင်းတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြပြီး ပင့်တင်ကျေးရွာ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်သီဟ